လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပေးခြင်း လှည့်လည် နှိုးဆော်

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့ ညပိုင်း အမှတ်(၆) ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာအတွင်း၌ ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင်  မိမိတို့နိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါသည် လျင်မြန်စွာ ကူးစက်ပြန့်ပွား နေသဖြင့် လူအများအပြား သေဆုံးမှုများ မြင့်မားလျက်ရှိသည်။ ထိုကူးစက်ဖြစ်ပွားမှုကို လျော့နည်းစေရန်နှင့် ထိရောက်စွာ ကုသထိန်းချုပ်နိုင်စေရန် အလွန်အရေးကြီး သဖြင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရောဂါ ဆိုးကြီးကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး မဖြစ် မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကို  ထိထိ ရောက်ရောက် ကာကွယ်နိုင် မှာဖြစ်သည်။

ထို့​ပြင် အရေးကြီးကိစ္စကြောင့်  အပြင်ထွက်ရပါကလည်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ခြောက်ပေအကွာမှ ခပ်ခွာခွာ နေထိုင်ရန်၊ (Mask) မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြရန်၊ လူစုလူဝေးဖြင့် သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန် လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြတင်းပေါက်တံခါးများဖွင့်ပြီး လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှ ပြန်လာတိုင်းအများနှင့် တွေ့ဆုံပြီးတိုင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ် အစား မလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြရန်၊ သက်ကြီးရွယ်အို များနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။

သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရသည်ဟု မိမိကိုယ်ကို သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှု ခံယူကြပါရန်၊  ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး  လုပ်ငန်းများကို အားလုံးက လိုက်နာ ကြပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ 

ထိုသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉-ရောဂါ ထိန်းချုပ်ရေး ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင် များ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ကလည်း (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် စက်ရုံဝန်ထမ်းများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးရန် ကျန်သူများ၊ အသက်(၅၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံမည့် သံဃာတော်နှင့် သီလရှင် ဆရာကြီးနှင့် ဆရာ လေးများ၊ လူပုဂ္ဂိုလ်များအား ရပ်ကွက်၊ ကျေးရွာများအလိုက် သတ်မှတ်ထားသည့် စုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကျန်းမာရေး ဆိုင်ရာ အသိပေးခြင်း၊ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)