မိုးနဲ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ ဒုတိယအသုတ် (ပထမ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က စတင်၍ မြို့နယ်ကမ္ဘောဇခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ယခင်အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူများ၊ ဦးတည်အုပ်စုအလိုက် သတ်မှတ်ထားသော အသက် ၅၅ နှစ်နှင့်အထက်ပြည်သူများ ၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ ဘာသာရေး ကျောင်းများ၊ ဈေးရောင်းသူများ၊ တည်းခိုခန်း ဖွင့်လှစ်ထားသူများ၊ နှင့် ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းမှ ပြည်သူများ၊မသန်စွမ်းသူများ ၊ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ ၊ နာတာရှည်ရောဂါ ရှိသူများ၊ EAOs စသည့် ဆေးမထိုးရသေးသည့် သူများကို ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)