မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စဉ်ဆက်မပြတ် အသိပေး လှည့်လည်နှိုးဆော်

မိုးနဲ  စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေ ရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ် (၅) ရပ်ကွက်ရှိ လူအများ သွားလာရာလမ်းဆုံ နေရာများတွင် Hand Speak ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ယင်းသို့ နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံကြရန်၊ နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့်သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန် နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့် ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာနှင့် ရှမ်းဘာသာ နှစ်မျိုးဖြင့်  လှည့်လည် တိုက်တွန်းနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)