တိုက်ကြီး စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း Mask Campaign ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ကို အမှတ် (၁)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှ ဒုတိယဗိုလ်မှူးကြီး ရဲကျော်သူ ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင် များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမူး ဒေါက်တာ နေမင်းမျိုးထွန်းနှင့် ဝန်ထမ်းများ၊ တိုက်ကြီးမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်စိုးမိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ တို့က မြို့နယ်အတွင်းရှိ လူစည်ကားရာ ဈေးရပ်ကွက် ဘုရားလေးလမ်းဆုံနှင့် မြို့မဈေးအတွင်း/ အပြင်ရှိ ဈေးရောင်းချသူ၊ ဈေးဝယ်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်စေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို သိရှိလိုက်နာစေရေး အသိပညာပေးခဲ့ပြီး ပါးစပ်/နှာခေါင်းစည်း(Mask) (၁၅၀၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အလားတူ တိုက်ကြီးမြို့နယ်အတွင်းရှိ ဥက္ကံ၊ အဖျောက်မြို့တို့တွင်လည်း ပြည်သူများ နေအိမ်မှ ထွက်ခွာ တိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign)ကို တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)