စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

စုကလိ   စက်တင်ဘာ   ၂၀


 

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။


 

ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိ ရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌ သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြူတင်းပေါက်များအား လေဝင်လေထွက် ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက်  ရောဂါ ကာကွယ်တားဆီး ရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် စသည့်အချက်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။


 

ဇော်နိုင်လင်း