မြင်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

 

မြင်းခြံ    စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ကျန်းမာရေးဝန် ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး ခြင်းကို ဩဂုတ် ၂၉ရက်နေ့မှစ၍ နေ့စဉ် နံနက် (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီအထိ မြို့နယ်အတွင်းရှိ စုရပ်နယ်မြေများ အလိုက် သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ စက်တင်ဘာ ၁၉ ရက်နေ့တွင် မြင်းခြံမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်စုရပ်နယ်မြေတွင် ပြည်သူ(၄၂၀)ဦးကို သတ်မှတ်ဦးစားပေးအုပ်စုများနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရ သည်။

မြင်းခြံမြို့နယ် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မ တီနှင့် ခရိုင်နှင့်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့မှကြီးမှူးပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ် ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိ ပြီး၊ မြို့နယ်အတွင်းမှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများနှင့် သတ်မှတ်ဦးစား ပေးအုပ်စုများကို  ဩဂုတ်လ ၂၉ရက်နေ့မှ စက်တင်ဘာလ ၁၉ရက်နေ့အထိ စုစုပေါင်း (၆၆၅၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့်  ပြည်သူများကိုလည်း သတ်မှတ်ဦး စားပေးအုပ်စုများနှင့်အညီ  ဆက်လက်၍ နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်စွာ(ပြန်/ဆက်)