မိတ္ထီလာ စက်တင်ဘာလ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း မိတ္ထီလာပညာရေးကောလိပ်မှ တက္ကသိုလ်အထိ လမ်းလယ်ကျွန်းနှင့် လမ်းမီးတိုင်များ စိုက်ထူးခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ယမန်နေ့မှစတင်ပြီး လမ်းမီးတိုင်များမှ လျှပ်စစ်မီး ထွန်းလင်းနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်း မိတ္ထီလာပညာရေးကောလိပ်မှ တက္ကသိုလ်အထိ လမ်းလယ် ကျွန်းနှင့် လမ်းမီးတိုင် စိုက်ထူခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေး အဖွဲ့ ဘတ်ဂျတ်ဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်း မိတ္ထီလာပညာရေး ကောလိပ်မှ မိတ္ထီလာတက္ကသိုလ် အနောက်ဘက် အပေါက်ကျော်အထိ အရှည် ပေ ၂၀ ၊ အကျယ် ၂ ပေ ၊အမြင့် တစ်ပေရှိ လမ်းလယ်ကျွန်း (၄၀)ခု၊ လမ်းမီးတိုင် (၂၀)နှင့် Opple LED 120w မီးသီးများ ထွန်းခြင်းတို့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ လမ်းလယ်ကျွန်းနှင့် လမ်းမီးတိုင်စိုက်ထူခြင်း လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ လမ်းမီးတိုင်များမှ လျှပ်စစ်မီးများကို စက်တင်ဘာလ ၁၉ ရက်နေ့ ညမှ စတင်၍ ထွန်းလင်း နေပြီဖြစ်ကြောင်း သိရသည်။
မိတ္ထိလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတို့ အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၁၉-၂၀၂၀မူလရန်ပုံငွေတို့ဖြင့် လမ်းလယ် ကျွန်းမီးတိုင်များ စိုက်ထူခြင်းကို မြို့ပေါ် အချက်အခြာ ကျသော နေရာများဖြစ်သော ရန်ကုန်-မန္တလေး လမ်းမကြီးအတိုင်း သာစည်လမ်းဆုံထိပ်မှ ရန်မျိုးအောင်လမ်းဆုံ (ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန)အထိ လမ်းမီးတိုင်များ စိုက်ထူခြင်းအပြင် မိတ္ထီလာ-မြင်းခြံလမ်းအတိုင်း ဝန်ဇင်းကန်ဘောင်နှင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်ရှိ စည်ပင်ရိပ်သာအဝင်လမ်း စသည့် နေရာများကို လမ်းမီးတိုင် များ စိုက်ထူခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)