တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးပေး

တနင်္သာရီ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်နှံ့မှုမှ ကွင်းဆက် ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏လမ်းညွှန်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် အစုအဝေးဖြင့် ရှိနေသည့် သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိဓာတ်ခွဲစစ်ဆေးမှုများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီအချိန်က တကူကျေးရွာအုပ်စု တကူကျောင်းကြီး ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များကို စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တကူကျောင်းကြီး ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်/သံဃာတော်များ(၁၅)ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးပေါင်း (၁၆)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို တကူ(စံပြ)တိုက်နယ် ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်မှ ကြီးကြပ်၍ RDT Test-Kit ဖြင့် ဓာတ်ခွဲစစ်ဆေး ပေးခြင်းဖြစ်ပြီး အားလုံးရောဂါပိုး မတွေ့ရှိရဘဲ (Negative)ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)