မိုင်းကိုင်မြို့နယ် စစ်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း၊ စစ်ပွဲရှောင်များ နေရာထပ်မံပြောင်းရွေ့

မိုင်းကိုင် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအုပ်စုအတွင်း ယခုလ ဒုတိယပတ်မှစ၍ နှစ်ဘက်ထိတွေ့မှု ဖြစ်ပွားခဲ့သဖြင့် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများက နောင်လျှော်(မြောက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် မချီနုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် တိမ်းရှောင်ခိုလုံလျှက်ရှိသဖြင့် စေတနာရှင်များက စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများကို သွားရောက်လှူဒါန်းပေး လျှက်ရှိသည်။

ထိုကဲ့သို့ထောက်ပံ့လှူဒါန်းမှုတွင် စက်တင်ဘာလ (၁၈) ရက် နေ့လည်ပိုင်းက မိုင်းကိုင်မြို့နယ်၏ သံဃာ့ဩဝါဒခံ နာရေးကူညီမှုအသင်းနှင့် မိုင်းကိုင်မြို့သူမြို့သားများ ပူးပေါင်း၍ ဟိုခဲကျေးရွာအုပ်စု၊ နောင်လျှော်(မြောက်) ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ခိုလုံသော အိမ်ထောင်စု ၂၁၀ စု၊ တုံလောကျေးရွာ အုပ်စု၊ မချိနုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ခိုလုံနေသောအိမ်ထောင်စု ၅၀ စု တို့အတွက် ဆန်အိတ်များ၊ အခြေခံစားသောက်ကုန် လူသုံးကုန်ဖြစ်သော ကုလားပဲ၊ ဆီ၊ ဆား၊ဟင်းချိုမှုန့်၊ အသားတုနှင့် ဆပ်ပြာမှုန့်ထုတ်များ စုစုပေါင်းခန့်မှန်းတန်ဖိုး သိန်း ၂၀ ကျပ်ကို အိမ်ထောင်စုအားလုံးအတွက် သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။

အဆိုပါ စစ်ပွဲရှောင် ပြည်သူများခိုလှုံလျက်ရှိသော နောင်လျှော်(မြောက်)ဘုန်းတော်ကြီးကျောင်း အနီးသို့ ယနေ့မနက်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း "ဘုန်းကြီးကျောင်းနားအထိ လက်နက်ကြီးလာကျကွဲတယ်၊ အသံတွေကလည်း နီးလာတော့ သူတို့တွေ မနေရဲတော့ဘူး၊ ထပ်ပြေးဖို့ရှိနေတယ်၊ ထော်လာဂျီတွေပြင်နေကြပြီ၊ ဟိုနားကျေးရွာအုပ်စု၊ ဝိင်းငင်းနဲ့ ဟွေနွဲ့ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံခွင့်ပေးဖို့ ကျောင်းထိုင်ဆရာတော်တွေကို သွားရောက်လျှောက်ထားပြီးပြီ၊ ဒီနေ့ပြောင်းရွှေ့ဖို့ရှိတယ်" လို့ စစ်ရှောင်များအား သွားရောက်ထောက်ပံ့ ကူညီလှူဒါန်းပေးနေသော မြို့မိမြို့ဖ ဦးစိုင်းလုံက ပြောကြားခဲ့ကြောင်းသိရှိရသည်။                         

ချော(မိုင်းကိုင်)