မိုးကောင်း စက်တင်ဘာ ၁၉
ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ မိုးကောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးနိုင်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်စံက မိုးကောင်းမြို့နယ်တွင်း ဆောင်ရွက် လျှက်ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ဘွန်ယောင်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး PPE ၈ ဖာ၊ လက်အိတ်အစုံ ၃၀၀၊ PPE Level 2 အထည် ၂၅၀၊ Hand Gel ၁၂၅ ဗူး၊ Mask ၆၅၀၀ ခု၊ ခြေအိတ် ၃၇၅စုံပါ ၁ ဖာ၊ ဆပ်ပြာ ၆၂၀ခဲ၊ အောက်ဆီဂျင် flowmeter ၅ အိုး၊ မျက်မှန်၁၀၀ လက်၊ ဆေးပစ္စည်းများနှင့် အလှူငွေကျပ် ၁၀ သိန်းတို့အားပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးနိုင်လင်းအောင်၊ ဒေါက်တာကောင်းမြတ်စံနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းအတွက် မိုးကောင်းမြို့နယ် လောကုတ္ထစရိယလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးကျော်လွင်စိုးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)