ကျေးသီး စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ မြို့မစည်ပင်သာယာစျေးအတွင်း စျေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိသော စျေးရောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံပြီးခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များနှင့် ကျေးသီးမြို့နယ် စျေးကော်မတီဝင်များပူးပေါင်း၍ စျေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စျေးရောင်းသူများ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်နှင့် ကူးစက်မှုမရှိစေရန်အတွက် ကာကွယ်ဆေး ထိုးနှံပြီးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ ကျေးသီး မြို့နယ်ခန်းမ၌ သွားရောက်ထိုးနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ကျေးသီးမြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၁)ဦးရှိလာပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)