ထန်းတပင် စက်တင်ဘာ ၁၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော် မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းပွဲကို တော်သလင်းလပြည့်ကျော် (၄) ရက်နေ့နှင့် တော်သလင်းလပြည့်ကျော် (၅) ရက်နေ့ (စက်တင်ဘာ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့) တို့တွင် (၂) ရက်တိုင်တိုင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမနထံမှ သိရသည်။
ထန်းတပင်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း တော်သလင်းလပြည့်ကျော် (၄) ရက်နေ့နှင့် (၅)ရက် နေ့များတွင် မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပ ပြုလုပ်လျက်ရှိရာ ဒေသခံ ရပ်ကွက်/ ကျေးရွာနေမိဘပြည်သူများက သစ်သီးဆွမ်းများ ကို ဆက်ကပ်လှူဒါန်း ပူဇော်လျက်ရှိပြီး ယခုအကြိမ်မြောက်ဆိုလျှင် (၁၅၇) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယခင်မြသိန်းတန်ကျောင်း ဆရာတော်များ လက်ထက်မှစ၍ တပည့်ဒကာ၊ ဒကာမအပေါင်းတို့မှ သစ်သီးဆွမ်းများကို နှစ်စဉ် ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)