ပုဗ္ဗသီရိ စက်တင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် ၀၉:၃၀ အချိန်က နဝဒေးရပ်ကွက်၊ အမှတ် (၂၀)အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တပ်မတော် ဆေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)