ညောင်ရွှေ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ခြင်းကို ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စုတို့တွင် ဆေးထိုးအဖွဲ့ ရှစ်ဖွဲ့ဖြင့် ယနေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံရာ၌ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်း များမှ ပြည်သူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးသွားမည့်အပြင် အသက် ၅၅ နှစ် မပြည့်သေး သော်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်သူများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်သည်။
ညောင်ရွှေမြို့နယ်တွင် မြို့ပေါ်ဆေးထိုးစုရပ်အဖြစ် အထက(၁)ညောင်ရွှေအပါအဝင် နန်းပန်၊ စံကား၊ ရွာမ၊ ခေါင်တိုင်၊ မန်ကျည်းဆိပ်၊ မင်းချောင်း၊ မိုင်းသောက်ကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနများကို အခြေပြု၍ ကျေးလက်နေ ပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးရန် စီစဉ်ထားရှိကြောင်း သိရသည်။
နေမျိုးသူရိန်