ရွှေကူ စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အနေဖြင့် ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ရွှေကူမြို့နယ်အတွင်းရှိ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသောသူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးပေးခြင်း အနေဖြင့် ယမန်ရက် နံနက် ၉ နာရီ အချိန်မှ စတင်၍ ရွှေကူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေမြင်းတတင်ခန်းမတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ရွှေကူမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကူးစက်ပျံ့ပွားမှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ဗိုလ်မှူးကျော်မိုးသွင်နှင့် အဖွဲ့ဝင်များမှစီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ကုသရေးဦးစီး ဌာနမှူး ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အဖွဲ့များ၊ ပရဟိတအဖွဲ့များကအသက် (၆၅) နှစ်နှင့် အထက် ပြည်သူများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ စသည့် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများကို ဇူလိုင်လ လကုန်ပိုင်းမှ စတင် ထိုးနှံပေးလျက်ရှိပြီး ဇူလိုင် လ(၃၀) ရက်နေ့မှ သြဂုတ်လ(၂၀) ရက်နေ့အထိ ပထမအကြိမ်ကာကွယ်ဆေးထိုးခြင်းဖြင့် sinopharm အမျိုးအစား ကာကွယ်ဆေး အလုံး (၁၂၀၀) ကို ထိုးနှံပေးခဲ့ပြီး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၂၄၁၄ ) ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းအနေဖြင့် စက်တင်ဘာလ (၂) ရက်နေ့မှ စတင်၍ ယနေ့နံနက်ပိုင်းအထိ မြို့တော်ခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ယခု အမှတ် (၂)ရပ်ကွက်၊ ရွှေမြင်းတတင်းခန်းမ၌ ကာကွယ်ဆေး ထိုးရာတွင် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးရသေးသောသူများအား ပထမကြိမ်ကာကွယ်ဆေး ဆက်လက်ထိုးပေးခြင်း အနေဖြင့် ဒုတိယ အသုတ် ပြန်လည်စတင်ထိုးပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်(ဒုတိယအသုတ်)ထိုးနှံပေးရာတွင် ဉီးတည် အုပ်စု (၂၃) အုပ်စုတွင် ပါဝင်သူများအား ဦးစားပေးအလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ဆေး sinopharm အလုံး(၈၀၀) အား ဆေးတစ်လုံးလျှင် (၅) ဦး နှုန်းဖြင့် ထိုးပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် လူအများစုပြုံမှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ် ထားသည့် ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြစေလို ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။