မြဝတီ စက်တင်ဘာလ ၁၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကို ယမန် နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်ဖြိုးဖြိုးစံက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အသိပညာ ပေးလုပ်ငန်းများကို Facebook page များဖွင့်လှစ်ကာ Online မှတစ်ဆင့်အသိပညာပေးနေကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြဝတီခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က လူမှုဝန်ထမ်း ဦးစီးဌာနသည် မသန်စွမ်းမှုအမျိုးအစားများကို သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ခြင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းများအရ လူဦးရေး ၂.၃ သန်းမှာ (၄.၆) ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ပြီး အမြင်အာရုံချို့ယွင်းမှု ၂.၅ရာခိုင်နှုန်း၊အကြားအာရုံ ချို့ယွင်းမှု ၁.၃ ရာခိုင်နှုန်း၊ကိုယ်အင်္ဂါမသန်စွမ်းသူ ၁.၉ ရာခိုင်နှုန်း နှင့်ဉာဏ်ရည်မသန်စွမ်သူ ၁.၇ ရာခိုင်နှုန်းရှိ ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့ပြင် နားမကြားသူများအတွက် မြန်မာစံလက်သင်္ကေတပြ ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပေးသည့်အပြင် ဘာသာပြန် ဝန်ဆောင်မှုပေးခြင်း၊ လက်သင်္ကေတဖြင့် သင်ရိုးညွှန်းတမ်းများ ပြုစုခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနသည် မသန်စွမ်းသူများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပိုမို ကြည့်ရှု စောင့်ရှောက်နိုင်ရေး၊ကုလသမ္မဂမသန်စွမ်းသူများ၏ အခွင့်အရေးများ အသေအချာရရှိနိုင်စေရေးနှင့် ဘဝ အရည်အသွေးဖွံ့တိုးတက်မှု ရရှိစေရေးတို့ကို ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်