မိတ္ထီလာ စက်တင်ဘာ ၁၉
မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်နှင့် ကိုဗစ်ကာလအတွင်း မိသားစု ထောက်ပံ့မှုအာမခံစနစ်များမှ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူ ၂၄၉၇ ဦး အတွက် ငွေကျပ် သိန်း ၂၂၀၀ကျော်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှှ သိရသည်။
လူမှုဖူလုံရေးစီမံကိန်းအား တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံကိန်းဖြစ်ရစေရန် မျှော်မှန်းချက်ဖြင့် လူအဖွဲ့အစည်းရှိ လူတိုင်းလူမှုဘဝလုံခြုံရေး၊ လူတိုင်းဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေး၊ မမျှတမှုနှင့် ဆင်းရဲနွမ်းပါးမှုများကို ကာကွယ်လျော့ချရန်နှင့် ပုံမှန်ဝင်ငွေရရှိစေရန် အမျိုးသားလူမှုဖူလုံရေးစနစ် ထူထောင်ပြီး ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးစနစ်သည် မိမိတို့ လုပ်ခလစာမှ အနည်းငယ် စုပေါင်း ထည့်ဝင်ခြင်းဖြင့် မိမိတို့ကို လူမှုဒုက္ခတို့မှ ကာကွယ်မှုပေးပြီ၊ အခြားလူမှုဒုက္ခ အခက်အခဲ ကြုံတွေ့ နေရသည့်သူများကိုလည်း ဆေးဝါးကုသမှု အခွင့်အရေးနှင့် ငွေကြေး အကျိုးခံစားခွင့်တို့ရရှိစေရန် ဥပဒေနှင့် အညီ ဝန်ဆောင်မှုပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူမှုဖူလုံရေးအာမခံစနစ်(၆)မျိုးရှိသည့်အနက် လက်ရှိမှာကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှုအာမခံနစ်၊ မိသားစုထောက်ပံ့မှုအာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံ စနစ်တို့ဖြစ်ပြီး ၎င်းအာမခံစနစ်တို့အတွက် အကျိုးခံစားခွင့်များပေးနိုင်ရန် ထည့်ဝင်ကြေများပေးဆောင် ရသည်။ ထည့်ဝင်ကြေးများ ပေးဆောင်ရာတွင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အတွက် အလုပ်ရှင်မှ လုပ်ခလစာ၏ ၂ ရာခိုင်နှုန်းနှင့် အလုပ်သမားဝန်ထမ်းမှ လုပ်ခလစာ၏ ၂ ရာခိုင်နှုန်းကို ပေး ဆောင်ရသည်။ ၎င်းအပြင် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်ရှင်မှ ၁ ရာခိုင်နှုန်းသာ ပေးဆောင်ရပြီး အလုပ်သမားက ပေးဆောင်ရခြင်းမရှိကြောင်းနှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်အတွက်လည်း ထည့်ဝင်ကြေးများ ပေးဆောင်ရခြင်းမရှိကြောင်း သိရသည်။ အဆိုပါ အာမခံစနစ် ၃ မျိုးအတွက် စုစုပေါင်း အလုပ်သမားလစာ၏ ၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေး ထည့်ဝင်ကြေးအဖြစ် လစဉ် ပေးဆောင်ရကြောင်းနှင့် လူမှုဖူလုံရေးစနစ်တွင် ဆေးဝါးကုသမှု အခွင့်အရေးနှင့် ငွေကြေးအကျိုးခံစားခွင့် အဖြစ် အဓိကအကျိုးခံစားခွင့် နှစ် ရပ်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်ထံမှ သိရသည်။
မိတ္ထီလာမြို့နယ်လူမှုဖူလုံရေးရုံး၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေး စောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်နှင့် ကိုဗစ်-၁၉ ကာလအတွင်း မိသားစုထောက်ပံ့မှုအာမခံစနစ်တွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်များအဖြစ် ထောက်ပံ့ငွေများထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်တွင် ၂၄၁၇ ဦးအတွက် ငွေကျပ် ၂၁၂၀၄၇၀၉၅.၅၄ ၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တွင် ၁၈ ဦးအတွက် ငွေကျပ် ၁၀၄၁၄၉၈၆.၇၈ နှင့် မိသားစု ထောက်ပံ့မှုအာမခံစနစ်တွင် ၆၂ ဦးအတွက် ၂၃၈၆၉၄၆.၆၆ တို့ကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်