လွိုင်လင် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းကျဆင်းရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ နှင့် မြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း(ပရဟိတ)အဖွဲ့များက အရှိန်အဟုန်မပျက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
လွိုင်လင်မြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် / ကူညီရေး ပရဟိတအဖွဲ့ ၊ မေတ္တာခြုံလွှာ နာမှုကူညီရေးအဖွဲ့ ၊ အောက်ဆီဂျင်အကူအညီပေးရေးအဖွဲ့၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ ရှိကြသည်။ အဆိုပါအသင်းအဖွဲ့များထဲမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် / ကူညီရေး ပရဟိတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးဇော်နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းကျဆင်းရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
“ ကျွန်တော်ကတော့ … ကိုဗစ်-၁၉ ရောဂါ ကာကွယ် / ကူညီရေး ပရဟိတအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးဇော်ပါ … ကျွန်တော်တို့အဖွဲ့ကို ကိုဗစ်-၁၉ ပထမလိုင်းအချိန်က ဖွဲ့စည်းခဲ့ပါတယ်…. အဲဒီလိုဖွဲ့စည်းပြီးနောက် သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်….ဆောင်ရွက်တဲ့ လုပ်ငန်းတွေကတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကို သက်ဆိုင်ရာ ဆေးကုသရေးဌာနတွေမှာ ပို့ဆောင်ပေးခြင်း ၊ ပြည်ပနိုင်ငံများက ပြန်ရောက်လာသည့် နေရပ်ပြန် ပြည်သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းတွေမှာ ထားရှိပြီး သူတို့အတွက် လိုအပ်တဲ့ စားသောက်စရာတွေကို အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ နေ့စဉ်ပေးပို့ခြင်း ၊ လူစည်ကားရာ နေရာတွေဖြစ်တဲ့ ဈေးတို့ လမ်းဆုံလမ်းခွနေရာတွေမှာ ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ် ….. အခုလို တတိယလိုင်းကာလမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများပြားလာသလို အောက်ဆီဂျင်လိုအပ်ချက်တွေ ရှိလာပါတယ်….လိုအပ်တဲ့အောက်ဆီဂျင်တွေကို အရင်က တောင်ကြီးအထိသွားပြီး ဝယ်ယူဖြည့်ဆည်း ပေးခဲ့ရပါတယ် …. အခုချိန်ခါမှာတော့လွိုင်လင်မြို့နဲ့ ၁၆ မိုင်သာဝေးတဲ့ နမ့်စန်မြို့မှာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးလို့ အောက်ဆီဂျင်ဝယ်ယူဖြည့်ဆည်းလို့ အဆင်ပြေပါတယ် …. အောက်ဆီဂျင်ဝယ်ယူရေးအတွက် ရပ်နီးရပ်ဝေးက အလှူရှင်တွေက တတ်နိုင်သမျှ နည်းများမဆိုလှူဒါန်းကြပါတယ် …..ဒါ့အပြင် ဆေးဝါးကုသမှုခံယူနေကြတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် စားသောက်ရေးကိစ္စတွေကို အလှူရှင်ရှိရင်ရှိသလို သွားရောက်လှူဒါန်းပေး ပါတယ်….. နေအိမ်မှာ အသွားအလာကန့်သတ်ခံနေကြရပြီး အခြေခံလူတန်းစား မိသားစုများကိုလည်း ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ အခြား ဟင်းသီးဟင်းရွက်များကိုလည်း ထောက်ပံ့ပေးနေပါတယ်… ကျွန်တော်တို့အဖွဲ့နဲ့ မေတ္တာခြုံလွှာ နာမှုကူညီရေးအဖွဲ့ နှစ်ဖွဲ့ပူးပေါင်းထားပြီး ဆောင်ရွက်နေကြပါတယ် ……ကျွန်တော်တို့အဖွဲ့တွေရဲ့ လိုအပ်တဲ့ စက်သုံးဆီကို သက်ဆိုင်ရာဌာနက ကူညီပံ့ပိုးပေးနေသလို အဖွဲ့အတွက်လိုအပ်တဲ့ ရံပုံငွေနဲ့ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းတွေကို ရပ်နီးရပ်ဝေးက မိတ်ဆွေများက ပေးပို့လှူဒါန်းနေကြပါတယ် လောလောဆယ်တော့ အဖွဲ့ပိုင် အောက်ဆီဂျင်အိုး( ၄၀ လီတာဝင်)အလုံး(၃၀)ရှိပါတယ် ….ကျွန်တော်တို့အဖွဲ့ အခုလို ပရဟိတလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြတဲ့ အလှူရှင်များကို ကျေးဇူးတင်ပါတယ် …… ကျွန်တော်တို့ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ ပူးပေါင်း ဆက်လက်လုပ်ကိုင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်……..””
လွိုင်လင်မြို့နယ်တွင် ဇွန်လ ၂၀ ရက်မှ စက်တင်ဘာလ ၁၇ ရက်ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူလူနာ (၅၉၀)ဦး ရှိပြီဖြစ်သည်။ ၎င်းတို့အထဲမှ ဆေးရုံဆင်းခွင်ရရှိသူ(၄၂၂) ဦး ၊ သေဆုံးသူ (၁၃)ဦးနှင့် ဆေးဝါးကုသဆဲခံယူသူ(၁၆၈) ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်မှ သိရသည်။
တွေ့ဆုံမေးမြန်း။ လွိုင်လင်မိုး
သတင်းဓာတ်ပုံ။ ဦးဇော်