မြင်းခြံ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-
ကျွန်တော်ကတော့ မြင်းခြံမြို့ GTC Treatment Center မှာ လုပ်အားပေးနေတဲ့ ကိုဇော်နိုင် ဖြစ်ပါတယ်။ ကျွန်တော် ကိုဗစ်-၁၉ ရောဂါ မဖြစ်မီ (၃) ရက်ဆက်တိုက် ညနေပိုင်းမှာဆိုရင် ဖျားတယ် မိုးချုပ်သွားရင် ပြန်ကောင်းသွားတယ်၊ (၄) ရက်မြောက်နေ့ကျ အပြင်းအထန် ဖျားပြီးတော့ (၅) ရက်မြောက်နေ့ကျတော့ အနံ့လည်းပျောက်သွားတယ်၊ အရသာလည်း ပျောက်သွားတာနဲ့ ချက်ခြင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလိုက်တဲ့ အချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရှိတဲ့အတွက်ကြောင့် GTC Treatment Center မှာဘဲ (၁၀) ရက် ဆေးကုသမှု ခံယူခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်မှာ အရသာ ပျောက်သွားတဲ့အတွက် အစားလုံးဝ စားလို့မရပါဘူး၊ ဒါပေမယ့် ကိုယ်ကိုတိုင်က စေတနာ့ဝန်ထမ်းဖြစ်နေတ အတွက် ကိုယ်ကိုတိုင်ကျန်းမာမှ မိဘပြည်သူများကိုလည်း ကူညီစောင့်ရှောက်နိုင် မှာဆိုတဲ့ စိတ်ကိုမွေးပြီး အစားကို ဝင်အောင် သေချာစားပါတယ်၊ ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါတယ်၊ လက်ရှိ ဆေးကုသမှုခံယူ နေတဲ့ ပိုးတွေ့လူနာများကိုလည်း မနက်တစ်ကြိမ် ညနေ တစ်ကြိမ် Pressure တိုင်း ပေးတယ်၊ အဖျားတိုင်းပေးတယ်၊ ဖျားနေတဲ့လူနာများအတွက်လည်း ကျန်းမာရေး ဌာနမှ ဆရာ/ ဆရာမများနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးပါတယ်။ မိဘပြည်သူ များကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားစေဖို့ မှာချင်တာက အချိန်မှန် အိပ်ပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်စားပါ ကိုဗစ် -၁၉ ရောဂါ သံသယ လက္ခဏာဖြစ်ပေါ် ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသမှု ခံယူကြဖို့ တိုက်တွန်းအပ်ပါတယ်။
ကျွန်တော်ကတော့ မြင်းခြံမြို့ အမှတ် (၁) ရပ်ကွက်မှာ နေထိုင်ပြီး GTC Treatment Center မှာ လုပ်အားပေးနေတဲ့ ကိုစန်းယု ဖြစ်ပါတယ်။ ကျွန်တော် မြင်းခြံမြို့ ရပ်ကွက်တွေမှာ ဆေးဖျန်းရင်းနဲ့ ခြေလက် ကိုက်ခဲနာကျင်ပြီး ဖျားပါတယ်၊ ဖျားပြီးတဲ့ နောက်မှာ ချောင်းဆိုးတယ်၊ အစားအသောက် မစားချင်ဘူး၊ မောလည်း မောတယ် စတဲ့ သံသယ လက္ခဏာတွေဖြစ်ပေါ်နေတဲ့အတွက် ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး မြင်းခြံ ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးလိုက်တဲ့အချိန်မှာ ရောဂါပိုးတွေ့ရှိတဲ့အတွက်ကြောင့် GTC Treatment Center မှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆေးကုသမှု ခံယူနေချိန်မှာလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို စနစ်တကျ လိုက်နာပါတယ်၊ အသက်ရှူအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်ပါတယ်၊ တရားလည်း ထိုင်ပါတယ်၊ ဆရာ/ဆရာမတွေ တိုက်တဲ့ ဆေးကိုလည်း စနစ်တကျ အချိန်မှန် သောက်ခဲ့ပါတယ်။ အစားအသောက်ကို လည်း စနစ်တကျ စားရပါတယ်၊ စေတနာရှင် ကုသိုလ်ရှင်များမှလည်း အာဟာရရှိတဲ့ အစားအသောက်များ ကိုလည်း လှူဒါန်းပေးပါတယ်။ GTC Treatment Center မှာ (၁၀) ရက် ဆေးကုသမှုခံယူပြီး အိမ်မှာ Stay Home (၇) ရက် နေထိုင်ခဲ့ပါတယ်၊ မိဘ ပြည်သူများအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေဖို့ အပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြဖို့၊ လက်ကို မကြာခဏ ဆေးကြောကြဖို့၊ လူထပ်သော နေရာများကို ရှောင်ကြဉ်ကြဖို့၊ အာဟာရဖြစ်စေတဲ့ အစားအသောက်များကို စနစ် တကျ စားသောက်ကြဖို့၊ အိပ်ရေးဝအောင် အိပ်ကြဖို့ တိုက်တွန်းအပ်ပါတယ်-
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျော်စွာ(မြင်းခြံ)