ပင်လောင်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ ပြည်သူလူထုများအား ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမတွင်ပြလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီဥက္ကဌ ၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးတင့်ဇော်ထက်က ပင်လောင်းမြို့နယ်အတွင်း သြဂုတ် ၂၉ရက်မှ စက်တင်ဘာ ၁၆ရက် အထိ ဦးစားပေးအုပ်စု(၁၂)ခုအဖြစ်သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပြည်သူစုစုပေါင်း ၅၇၇၉ ဦး အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ယ္ခုအခါတွင် မြို့နယ်အတွင်း ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပင်လောင်းမြို့နယ်အနေဖြင့် ပထမအကြိမ် ထိုးနှံပေးမည့် အုပ်စုများတွင်ပါ၀င်သည့် အသက် ၅၅ နှစ် နှင့်အထက် ပြည်သူလူထုများ၊မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းများမှ တပ်ဖွဲ့၀င်များနှင့် မိသားစု၀င်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထုများ၊နာတာရှည်နှင့်မကူးစက်နိုင်သော ရောဂါရှိသူများအား စာရင်းကောက်ယူ၍ မြို့ပေါ် (၁၀)ရပ်ကွက်အတွင်းရှိ ပြည်သူများအားစက်တင်ဘာ ၁၉ရက်နေ့မှ စက်တင်ဘာ၂၂ရက်နေ့အထိ မြို့နယ်ဘက်စုံသုံးခန်းမတွင် စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ၀င် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း အောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်းသိရသည်။
ထွန်းလင်း(ပင်လောင်း)