မိုင်းယန်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများအား ယနေ့နံနက်ပိုင်းက ရှမ်း/မြန်မာ နှစ်ဘာသာဖြင့်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရေး အတွက် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုစက္ကန့်(၂၀) ကြာ မကြာခဏ ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ မိမိတို့နေအိမ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသယ်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးချို၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေရန်၊ နေအိမ်ရှိပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ အသွားအလာတားမြစ် ပိတ်ပင်၍ သီးသန့်ခွဲခြား နေထိုင်ခြင်း(Quarantine)လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်း ပါဝင်ရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရန် စသည့်ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
ခွန်ရဲထွေး