ဟိုပုံး စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဉီးစားပေးအုပ်စုအလိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅၅ နှစ်နှင့် အသက် ၆၄ နှစ်ရှိ မိဘပြည်သူများကို စက်တင်ဘာ ၁၉ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့ထိ ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းကို အုပ်စု (A) တွင် အကျုံးဝင်သူများဖြစ်သည့် အသက်(၆၀)နှစ်မှ အသက်(၆၄) နှစ်၊ အသက် (၅၅)နှစ်မှ အသက် (၅၉)နှစ်၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့ထိ ပထမအကြိမ် နှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့မှ နိုဝင်ဘာ ၁၀ ရက်နေ့ထိ ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ အုပ်စု (B) တွင် အကျုံးဝင်သည့် အသက်(၅၀)နှစ်မှ အသက်(၅၄)နှစ် ၊ အသက်(၄၅)နှစ်မှ အသက်(၄၉) နှစ်ရှိသူများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ နိုဝင်ဘာ ၁၀ ရက်နေ့ထိ ပထမအကြိမ် နှင့် ၂၀၂၁ ခုနှစ်နိုဝင်ဘာ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့အထိ ဒုတိယ အကြိမ်အဖြစ်လည်းကောင်း၊ အုပ်စု ( C ) တွင်အကျုံးဝင်သည် အသက် (၄၀ )နှစ်မှ အသက် (၄၅)နှစ်ထိရှိသူများကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့ထိ ပထမအကြိမ်နှင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ (၉)ရက်နေ့မှ ၂၀၂၂ခုနှစ် ဇန်နဝါရီ (၅)ရက်နေ့ထိ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၊ ဟိုပုံးပြည်သူ့ဆေးရုံ၊ ကျောက်တန်းတိုက်နယ်ဆေးရုံ၊ နမ့်ခုတ်ကျေးလက်ကျန်းမာရေးဌာန၊ စံဖူး ကျေးလက် ကျန်းမာရေးဌာန၊ မိုင်းပျဉ်းကျေးလက်ကျန်းမာရေးဌာန၊ နောင်ဒေးကျေးလက်ကျန်းမာရေးဌာန တို့မှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားယူဆောင်၍ လာရောက်ထိုးနှံကြရန်နှင့် ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ အသက် အပိုင်းအခြားအုပ်စုအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မအိ