ကျေးရွာရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ ငွေပေးအပ်

ဆီဆိုင် စက်တင်ဘာ    ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကုန်းဆွတ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၇)ရွာမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၇)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများအား နိုင်ငံတော်မှတစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)အတွက် ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကုန်းသာကျေးရွာ၊ နောင်လိတ်ကျေးရွာ၊ ကွန်မွန်းကျေးရွာ၊ ပန်ကန်းကျေးရွာ၊ မမုံ့ဆုံကျေးရွာ၊ ထီလျှော့ကျေးရွာနှင့် ကုန်းဆွတ်ကျေးရွာတို့ရှိ လူမူရေးပင်စင်ရရှိသော အဘိုး(၅)ဦးနှင့် အဘွား(၂)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် နှစ်သိန်းတစ်သောင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကုန်းဆွတ်ကျေးရွာအုပ်စုစာရေး ဦးကျော်ဝင်းဦးနှင့် ကုန်းဆွတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကောလီတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၃)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၁၂၉)ဦးရှိကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)