ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် အသက် ၅၅ အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဒဂုံမြောက်  စက်တင်ဘာ ၁၈

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယနေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ အသက် ၆၅ နှစ်နှင့် အထက်ဘိုးဘွား၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ Volunteer၊ သံဃာတော်၊ သီလရှင်၊ နိုင်ငံ့ဝန်ထမ်း၊ အချုပ်သား ပြည်သူစုစုပေါင်း (၇၁၁၃)ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄၈) ရပ်ကွက်ဗိုလ်မှူး ဗထူးလမ်းမပေါ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း တို့တွင် စုရပ်များ သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်သူများအတွင်း အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ပြည်သူများအား ပထမအကြိမ် ထိုးနှံရန် မြို့နယ်အတွင်း ယနေ့မှစ၍ (၁၆)ရပ်ကွက်၊ မြို့ဦးစေတီ၊ (၃၃) ရပ်ကွက်ရှိ ငါးမာန်အောင် ဘုရား၊ (၄၄) ရပ်ကွက်ဓမ္မာရုံ၊ အထက(၃)နှင့် အထက(၄)ကျောင်းတို့တွင် စုရပ်ငါးနေရာသတ်မှတ်ပြီး ထိုးနှံပေးရာ ၉၆၇ ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်‌ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)