မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေး အသိပညာပေး လှည့်လည်ဆော်ဩ

မြောက်ဦး  စက်တင်ဘာ  ၁၈

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် အတွင်းရှိ မြို့နယ်များ၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အများပြည်သူများ သိရှိစေရန်အတွက် ကိုဗစ်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ဆေးထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်စုရပ် နေရာများ၌ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး ဆော်ဩခြင်းကို ယမန်နေ့  နံနက် ၁၀ နာရီက မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့နယ်များအတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များသို့ လှည့်လည်၍ ကျန်းမာရေး အသိပညာပေးခြင်းများ နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်များအတွင်းရှိ အများပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များအား အလေးထား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် မြောက်ဦးခရိုင် မြို့နယ်များအတွင်းရှိ မြို့ပေါ် ရပ်ကွက်နေ ပြည်သူများနှင့် ကျေးလက်နေပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အဓိကလိုက်နာရမည့် အချက်များဖြစ်သည့် တတ်နိုင်သမျှမိမိတို့ နေအိမ်၌သာ နေထိုင်ကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲမသွားကြရန်၊ လက်ကိုဆပ်ပြာနှင့် လက်သန့်ဆေးရည်ဖြင့် စက္ကန့် ၂၀ ကြာစနစ်တကျဆေးကြောရန်၊ အပြင်ထွက်တိုင်း ပါးစပ် နှင့်နှာခေါင်းစည်း (Masks) များကို မပျက်မကွက်တပ်ဆင်သွားလာကြရန်၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်မောပန်းနွမ်းနယ်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်းများ ခံစား လာရပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ပြီး ဆေးကုသမှုခံယူကြရန် စသည့် အချက်များအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့သွားရောက်ပြီး ကျန်းမာရေး အသိပညာပေးလှည့်လည် နှိုးဆော်ခြင်းနှင့် မြို့ပေါ်ရပ်ကွက် နေပြည်သူများနှင့် ကျေးလက်နေပြည်သူများ အနေဖြင့် ကိုဗစ်ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိပါက သတ်မှတ်စုရပ် နေရာများသို့ သွားရောက်ပြီး အချိန်မှီလာရောက်ဆေး ထိုးနိုင်ရေးအတွက် အသိပညာပေး ဆော်ဩခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း (ပြန်/ဆက်)