ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဇမ္ဗူသီရိ စက်တင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး များအား စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ အသက် (၅၅) နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား  ယမန်နေ့နံနက် (၉) နာရီတွင် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေကြာပင် ရပ်ကွက်၊ အောင်ဇမ္ဗူရပ်ကွက်နှင့် အလျင်လို ကျေးရွာအုပ်စု စုစုပေါင်း နေရာ (၄) နေရာတွင် တစ်ပြိုင်နက်တည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ပုံမှန်အနေအထားရောက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်အနေဖြင့် ကိုဗစ် -၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် (၁၄၀၀) ဦးအားထိုးနှံပေးပြီး ထိုးနှံရန်ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)