ကွန်ဟိန်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပညာပေး နှိုးဆော်ခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉:၀၀) နာရီ အချိန်ခန့်က ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်များ အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှအိမ်တွင်း၌သာနေထိုင်ရန်၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံး၀မပြုရန်နှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ်သွားရောက်ခြင်း လုံး၀မပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ တပ်ဆင်ရန်၊ လက်ကိုအနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ အခြားသူများနှင့် (၆)ပေ အကွာ ခပ်ခွာခွာနေရန်၊ လေ၀င်လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးလုံး၀ရှောင်ကြဉ်ရန်၊ ကိုဗစ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်း မာရေးဌာနများသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာကုသမှုခံယူရန်၊ သတ်မှတ်စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုလိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို အသိပညာပေး နှိုးဆော်ခြင်းအား မြန်မာ+ရှမ်း နှစ်ဘာသာဖြင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ မှ ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြည့်(ကွန်ဟိန်း)