ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဆားလင်းကြီး   စက်တင်ဘာ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် ရှေးဦးစွာ ဆားလင်းကြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုက ဆွေးနွေးပြောကြားရာတွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုအလိုက် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinophramကို လူဦးရေ(၆၀၀၀)အတွက် ဆေးတစ်လုံလျှင် (၅)ဦးနှုန်း ထိုးနှံနိုင်သည့် ကာကွယ်ဆေးအလုံးရေ(၁၂၀၀) ထပ်မံရောက်ရှိ နေပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးရာတွင် ယခင်သတ်မှတ်ထားသည့်  ဦးတည်အုပ်စုများ အပြင် (အသက်(၅၅)နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါ သည်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် EAO) များကိုပါ ထည့်သွင်းထိုးနှံနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများတွင် စာရင်းများကောက်ယူနေပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးစုရပ်များ အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရှိ OSSခန်းမ၊ ဆားလင်းကြီး(အထက)ရှိ ပန်းမြတ်သဇင်ခန်းမ၊ ကျားတက်(အထက)တို့တွင် စက်တင်ဘာ ၁၉ ရက်နေ့မှစတင်၍ ထိုးနှံပေးသွားရန် လျာထား ကြောင်း၊ ကော်မတီဝင်များအနေဖြင့် မိမိတို့တာဝန်ကျ စုရပ်များတွင် ကာကွယ်ဆေးထိုးနှံခြင်း ဆိုင်ရာ အချက်အလက်ရေးသွင်းခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြရန်၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်း ဆောင်ရွက်သွားကြရန်၊  မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  လုပ်ငန်းများအောင်မြင်ရေးနှင့် ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်ရေးအတွက် ကော်မတီဝင်အားလုံးက အလေးထား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီများက ကာကွယ်ဆေးထိုးလုပ်ငန်းများ လွယ်ကူလျှင်မြန် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရှိရသည်။

ဥမ္မာခိုင်