ချင်းရွှေဟော်၌ မြန်မာနိုင်ငံသား(၄၃)ဦးအား တရုတ်နိုင်ငံမှ ပြန်လည်လွှဲပြောင်း

ချင်းရွှေဟော်  စက်တင်ဘာ  ၁၈

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးစခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၄၃)ဦး အား တရုတ်နိုင်ငံ နယ်ခြားစောင့် လူဝင်မှု စစ်ဆေးရေးဌာန၊ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့မှ ချင်းရွှေဟော် နှစ်နိုင်ငံနယ်စပ် တံတားပေါ်တွင် ယမန်နေ့က လွှဲပြောင်းပေးအပ်ခဲ့ရာ အမှတ်(၁၂၉) ရှေ့တန်းခြေလျင်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး ထွန်းမင်းခိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မှ လဝကမှူး ဦးကျော်မိုး ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်စိတ်(၂)မှ ရဲအုပ် ဇော်ဝင်းမြင့်၊ နယ်မြေရဲစခန်းမှ ရဲအုပ်လှိုင်ဝင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စိစစ်လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါရွှေ့ပြောင်းလုပ်သားများသည် ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မူဆယ်၊ ကန်ပိုက်တီးမြို့များရှိနယ်စပ်ဂိတ်များမှ တဆင့် တရုတ်နိုင်ငံ၊ နနွင်းခေါင်မြို့ရှိ ကော်စက်ရုံ၊ ကြိမ်းကြောင်းမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ ကြောင်းဆူးမြို့ရှိ သံစက်ရုံ၊ မော်တာစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ Delivered လုပ်ငန်း၊ နန်တန်မြို့ရှိ သန့်ရှင်းရေးလုပ်ငန်း၊ ဟူစီးမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ ခန့်နန်မြို့ရှိ ဖိနပ်စက်ရုံ၊ ကျန်ဆူးမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ ဝါယာကြိုးစက်ရုံ၊ အထည်ချုပ် စက်ရုံ၊ ဖော့စက်ရုံ၊ စက်ပစ္စည်းစက်ရုံ၊ စန်တုံးမြို့ရှိ ကြက်သားစက်ရုံ ၊ ပန်ဆန်းမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ ဘေကျင်းမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ ဆန်ဆီးမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ ဆန်းကျန်းမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ ကွမ်တုံးမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ အထည်ချုပ်စက်ရုံ၊ အမ်းကွေမြို့ရှိ ဖိနပ်စက်ရုံ၊ အားဝှေးမြို့ရှိ အထည် ချုပ်စက်ရုံ၊အနန်ကျင်းမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ စံတုန်းမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ ဇမ်မန်မြို့ရှိ အိမ်ဖော်လုပ်ငန်း၊ နင်ဘိုးမြို့ရှိအိမ်ဖော်လုပ်ငန်း၊ ကျောင်းဆူးမြို့ရှိ ပန်းကန်စက်ရုံ၊ ဆင်ကျန်းမြို့ရှိ အိမ်ဖော်လုပ်ငန်း၊ တုံကွမ်မြို့ရှိ အိမ်ဖော်လုပ်ငန်း၊ ချန်တုံမြို့ရှိ ငါးစက်ရုံ၊ မိန်းတိန်မြို့ရှိ ပန်ရံလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အဝတ်လျော် လုပ်ငန်းနှင့် ထမင်းဆိုင်တို့တွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးခဲ့သူများ ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အမျိုးသား(၉)ဦး ၊အမျိုးသမီး(၃၄)ဦး၊ စုစုပေါင်း (၄၃)ဦး အား ချင်းရွှေဟော် ပြည်သူ့ဆေးရုံ တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများစစ်ဆေးချက်အရ ၎င်းတို့မှာ လူကုန်ကူးခံရသည့် ဖြစ်စဉ်များမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

နေရပ်ပြန်များအား စိစစ်မေးမြန်းပြီးနောက် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်(၁၉) ရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း တရုတ်နိုင်ငံမှ ပြန်လာသူများဖြစ်၍ ချင်းရွှေဟော်မြို့အ ဆုတ်ရောင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီသို့ စောင့်ကြည့် စစ်ဆေးမှုခံယူရန် ရပ်ကွက်(၃)ရှိ အခြေခံပညာ အထက်တန်းကျောင်း                                                                                               ယာယီ Quarantine Centerတွင် ပို့ဆောင်ထားရှိပါသည်။ ၎င်းတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကုသရေးဦးစီးဌာနမှ သတ်မှတ် ရက်အတွင်း RDT Test Kit ဖြင့် ထပ်မံရယူ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပြီး Negative ရလဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးတွင် ဆက်လက် Quarantine ဝင်ရောက်သွားရန် ပြန်လည် စေလွှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူမောင်မောင်