ညောင်ဦးမြို့နယ်၌ မိုးရွာသွန်းမှုများခြင်းကြောင့် အားကစားကွင်းမြေထိန်းနံရံ ပေ ၂၄၀ ခန့်ပြိုကျ

ညောင်ဦး  စက်တင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၅) ရပ်ကွက်ရှိ ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်း မြောက်ဘက်ရိုးရိုးတန်း ပွဲကြည့်စင်အနောက်ဘက်မှ အနောက်မြောက်ဘက်တလျှောက် မြေထိန်းနံရံ ပြိုကျခဲ့ကြောင်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုသည် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ငါးကြိမ်ခန့်ရှိခဲ့ပြီး အချိန်ရှည်လျားစွာ ရွာသွန်းခြင်းနှင့် ရေစီးကြောင်းမြောင်းများ ရေပြည့်လျှံကာ မြို့တွင်းရေးကြီးရေလျှံခြင်းနှင့် ရှေးဟောင်းစေတီ၊ပုထိုး၊ သာသနိကအ ဆောက်အဦများ ပတ်လည်တွင်လည်း ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ဦးမြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ညောင်ဦးခရိုင် အားကစားကွင်းမြောက်ဘက် ရိုးရိုး တန်းပွဲကြည့်စင် အနောက် ဘက်မှ အနောက်မြောက်ဘက် တလျှောက်မြေထိန်းနံရံ (၂၄၀) ပေခန့်ပြိုကျပျက်စီးခဲ့ကြောင်း၊ မြေထိန်းနံရံ ပြိုကျပျက်စီးမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။

ကိုထိန် (KPD)