မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၉)ဉီးထပ်မံစစ်ဆေးတွေ့ရှိ၊ စုစုပေါင်း(၃၇၇)ဉီးထိရှိလာ

မိုင်းပျဉ်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၉)ဉီးအား ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့၊ ဖာဝေါကျေးရွာအုပ်စု၊ ပန်ပျဉ်ကျေးရွာနေ အသက်(၆၇)နှစ်ရှိ အမျိုးသမီးသည် ချောင်းဆိုးခြင်းလက္ခဏာများခံစားရသဖြင့် ယနေ့ နံနက် ၉ နာရီက ဖာဝေါကျေးရွာအုပ်စု၊ ပန်ပျဉ်ဆေးခန်း၌ RDT Test Kit ဖြင့် သွားရောက်စစ်ဆေးရာ ၎င်းတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်း၏ မိသားစုဝင်(၅)ဉီးအား ဆက်လက်စစ်ဆေးခဲ့ရာ အသက်(၃၂)နှစ်၊ အသက်(၁၈)နှစ်၊ အသက်(၃)နှစ်ရှိ အမျိုး သမီး(၃)ဉီးနှင့် အသက်(၁၀)နှစ်ရှိ အမျိုးသား(၁)ဉီး၊ ပေါင်း(၄)ဉီးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၅)ဉီးအား ခိုနားကျောင်း(ခရစ်ယာဉ်ဘုရားရှိခိုးကျောင်း)၊ Positive Center ၌လည်းကောင်း၊ ၎င်းတို့နှင့်ထိတွေ့သူများအား ဆက်စပ်ရှာဖွေ၍လည်းကောင်း၊ ကျန်းမာရေးဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းနေ မိခင်ဖြစ်သူ၏ နာရေးကိစ္စဖြင့် စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီကရောက်ရှိလာသော အသက်(၄၃)နှစ်ရှိ အမျိုးသမီး၊ ရပ်ကွက်(၄)၊ ခိုလမ်မြို့နေသူသည် ၎င်း၏ အသက်(၁၉)နှစ်ရှိ သားဖြစ်သူနှင့်အတူ မြို့အဝင်စစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိခဲ့သဖြင့် နာရေးကိစ္စရပ်များဆောင်ရွက်ပြီးစီးပါက နေအိမ်၌ သာနေထိုင်ရန်နှင့် (၃)ရက်ပြည့်မြောက်ပါက ကျန်းမာရေးစစ်ဆေးမှုခံယူရန် တာဝန်ရှိသူများက  ညွှန်ကြား ခဲ့ပါသည်။

သို့ဖြစ်ရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် အဆိုပါ(၂)ဉီးအား RDT Test Kit ဖြင့် ထပ်မံစစ်ဆေးရာ အသက်(၁၉)နှစ်ရှိ သားဖြစ်သူထံတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့နှင့်အတူနေထိုင် သော မိသားစုဝင်(၅)ဉီးအား ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိ (Negative)ဖြစ်ကြောင်း သိရသည်။

အလားတူ မိုင်းပျဉ်းမြို့၊ အောက်ဈေးတန်းရပ်ကွက်မှ စက်တင်ဘာ ၁၄ ရက်နေ့က စစ်ဆေးတွေ့ရှိ ခဲ့သော ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သဖြင့် Home Quarantine ထားရှိသူ အမျိုးသမီး(၄)ဉီး အား ယနေ့ နံနက် ၁၀ နာရီအချိန်က RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက်(၁၈)နှစ်နှင့် အသက်(၂၄)နှစ် ရှိအမျိုးသမီး (၂)ဉီးထံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းအပြင် မိုင်းပျဉ်းမြို့၊ အလယ်ပိုင်းရပ်ကွက်၊ နဝဒေးလမ်းနေ အသက်(၃၆)နှစ်ရှိ အမျိုးသားသည် ယမန်နေ့ညတွင် ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း လက္ခဏာများ ခံစားရသဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲ က မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့် စစ်ဆေးရာ ၎င်းထံတွင် ကိုဗစ်-၁၉ ရောဂါပိုး  စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းသည် လက်တလောကာလအတွင်း အခြားမြို့နယ််များသို့ သွားရောက်ခဲ့ခြင်းမရှိ ကြောင်း၊ မြို့တွင်းသွားလာမှုများသာရှိကြောင်းသိရသည်။

အထက်ပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိ၍လည်း ကောင်း၊ မိသားစုဝင်များနှင့် ထိတွေ့ခဲ့သူများအား ဆက်စပ်ရှာဖွေကာ အသွားအလာကန့်သတ်ထားရှိ၍ လည်းကောင်း၊ ကျန်းမာရေးစစ်ဆေး/စောင့်ရှောက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃၇၇)ဉီးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေအိမ်ပြန်ခွင့်ရသူ(၃၁၅)ဉီး၊ ဆေးကုသမှုခံယူနေသူ (၆၂)ဉီးနှင့် သေဆုံးလူနာမရှိကြောင်းသိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)