ကျိုင်းတောင်းမြို့၌ 100KVA နှင့် 200KVA Transformer များတပ်ဆင်ပြီးစီး

ကျိုင်းတောင်း စက်တင်ဘာ ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ၏ရန်ပုံငွေဖြင့် 100KVA နှင့် 200KVA Transformer များကို မြို့ပေါ် ရပ်ကွက်များ၌ တပ်ဆင်ဆောင်ရွက်ပြီးစီးကြောင်း ကျိုင်းတောင်းမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ Transformer များကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ ဦးအောင်အောင် ဦးစီး၍ လျှပ်စစ်ဝန်ထမ်းများ၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် ပြည်သူများမှ ပါဝင်ကူညီဆောင်ရွက် ခဲ့ကြပြီး အမှတ်(၃)ရပ်ကွက်တွင် 100KVA နှစ်လုံး၊ အမှတ်(၄)ရပ်ကွက်တွင် 200KVA တစ်လုံး၊ အမှတ်(၇)ရပ်ကွက်တွင် 100KVA တစ်လုံး စုစုပေါင်း Transformer (၄)လုံး တပ်ဆင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ 100KVA တစ်လုံးလျှင် ကုန်ကျမှုစရိတ် (၁၂.၈)သန်းခန့် ကုန်ကျပြီး 200KVA တစ်လုံးလျှင် ကုန်ကျမှုစရိတ် (၁၈.၅)သန်းခန့် ကုန်ကျ၍ စုစုပေါင်း ကုန်ကျမှုစရိတ် (၅၆.၉ )သန်းခန့်ရှိကြောင်း သိရသည်။

ထိုသို့ 100KVA နှင့် 200KVA Transformer များတပ်ဆင် ဆောင်ရွက်ပြီးစီးမှုကြောင့် ကျိုင်းတောင်းမြို့၌ ဓာတ်အားပြတ်တောက်မှု လျော့နည်း ပပျောက်ပြီး ဗို့အားပြည့်မိ၍ လျှပ်စစ် ဓာတ်အားများကို တိုးတက်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပါကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဦးစီးဌာနမှ သိရသည်။

သီဟ(ပြန်/ဆက်)