မန့်ဟီးရိုး စက်တင်ဘာ ၁၇
နယ်စပ်ဒေသဖြစ်သော မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက် များအတွင်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လိုက်လံနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။
မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေး တားဆီးကာကွယ်ရန်အတွက် လိုက်နာရမည့် အချက်များ၊ ကြိုတင်ရှောင်ရှားရမည့် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာ ကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို မြို့အတွင်းလိုက်လံနှိုးဆော် ဆောင်ရွက်ပေး ခဲ့ကြသည်။
ယင်းသို့လိုက်လံနှိုးဆော်ရာတွင် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရန်၊ စွန့်ပစ်ရန် နည်းလမ်းများ၊ အတတ်နိုင်ဆုံး မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ အိမ်ပြင်ထွက်ခွါပါက တခြား သူများနှင့် (၆)ပေအကွာတွင်နေရန်၊ လက်ကိုမကြခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀) ကြာဆေးကြောရန် စသည့်အချက်များကိုလည်း ရှမ်းဘာသာဖြင့် ထည့်သွင်းဆော်ဪ ပေးခဲ့ ကြောင်း သိရသည်။
စန္ဒာ(မန့်ဟီးရိုး)