သီပေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများပြုလုပ်ဆောင်ရွက်ပေး

သီပေါ စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဩဂုတ်လ (၃၁)ရက်နေ့မှစတင်၍ ယနေ့နံနက်ပိုင်းအထိ သီပေါမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပန်းခင်းစီမံချက်အရ ဆောင်ရွက်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း အဆိုပါ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သီပေါမြို့နယ် မိုးတေကျေးရွာ အုပ်စုအတွင်းရှိ အမှတ်(၅၀၃) နှင့် အမှတ်(၅၀၄)ခြေမြန်တပ်ရင်းတို့တွင် (၉၆)ဦးကိုလည်းကောင်း၊ နမ့်လန် ကျေးရွာအုပ်စုအတွင်းရှိ အမှတ်(၂၄၃)ခြေလျင်တပ်ရင်း တွင် (၃၄) ဦးကိုလည်းကောင်း၊ နမ့်ရမ်းကျေးရွာအုပ်စု အတွင်းရှိ အမှတ်(၁၄၇)ခြေလျင် တပ်ရင်းတွင် (၂၄) ဦးကိုလည်းကောင်း၊ တုံစင့်ကျေးရွာအုပ်စုအတွင်းရှိ အမှတ်(၂၃)ခြေလျင် တပ်ရင်းတွင် (၂၅) ဦးကိုလည်းကောင်း၊ စုစုပေါင်း (၁၇၉)ဦးအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီး သူများအား ပြန်လည်ဆောင်ရွက်ပေးခြင်းစသည်တို့ကို တာဝန်ရှိသူများနှင့် ပူးပေါင်း၍ကျန်ရှိမှု မရှိစေရေး တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သီပေါမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ခင်လေး