နမ့်ဆန်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်ပေး နိုင်ရေး စာရင်းကောက်ယူခြင်းများဆောင်ရွက်

နမ့်ဆန် စက်တင်ဘာ ၁၇

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးရုံးမှ မြို့နယ်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ  နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး စာရင်းကောက်ယူခြင်းများကို  ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ရာအိမ်မှူးများနှင့် ရပ်ကွက်၊ ကျေးရွာစာရေးများက ပြည်သူများနေအိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူ လျက်ရှိသည်။

ယင်းသို့စာရင်းကောက်ယူရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု စာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူ စသည့်အချက်(၄)ချက်ဖြင့် လိုက်လံစစ်ဆေး စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ထိ (၁၈) လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးမှ သိရသည်။

နန်းဆိုင်(ပလောင်ဒေသ)