ဒလမြို့နယ်၌ ဆေးထိုးစုရပ် ၅ နေရာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် ၉ နာရီတွင် စတင်၍  မြို့နယ်အတွင်း အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ပြည်သူ ၁၄၁၇၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တပင်ရွှေထီးရပ်ကွက်ရှိ အထက(၄)ကျောင်း ၊ မြို့နယ်ပြည်သူဆေးရုံ၊ ပျော်ဘွယ်ကြီး တိုက်နယ်ဆေးရုံ၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံ နှင့် ဓနုတ်စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စသည့် ဆေးထိုး စုရပ်(၅)နေရာတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်ပြည်သူ့ဆေးရုံနှင့် အထက(၄)ကျောင်းတို့၌ ဆေးထိုးစုရပ် ၂ နေရာတွင်  မြို့ပေါ် ရပ်ကွက် ၂၄ ရပ်ကွက်ရှိ ပြည်သူများအား  ထိုးနှံပေးလျက်ရှိပြီး၊  ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံ၊ ရခိုင်ချောင် တိုက်နယ်ဆေးရုံ နှင့် ဓနုတ်စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနစသည့် ဆေးထိုးစုရပ်(၃)နေရာတွင် ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာရှိ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တိုက်နယ် ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံဒလတပ်နယ်ရှိ တပ်များမှ  ဆေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပူပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြသူ စုစုပေါင်း ၁၀၁၅ ဦးရှိကြောင်း သိရသည်။

ဒလမြို့နယ်အတွင်း၌ အသက် ၅၅ နှစ် မှ ၆၄ နှစ်အတွင်း ဒေသခံပြည်သူ စုစုပေါင်း ၁၄၁၇၀ ဦးရှိကြောင်း၊ အဆိုပါ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မကျန်ရှိစေရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ အသက်အုပ်စုအလိုက် သတ်မှတ်ပြီး ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊   မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးစည်သူကျော် ထံမှ သိရသည်။

နိုင်လင်းကျော်