ပျဉ်းမနား စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပျဉ်းမနားမြို့ အမှတ် ၃ အခြခံပညာ အထက် တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကာကွယ်ဆေးထိုးနှံရေးစင်တာမှာ ထိုးနှံပေးလျက်ရှိရာ ပထမရက်တွင် လူဦးရေ ၇၂၀ ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင် ရှိသည့်အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းအသိပေးဆောင်ရွက်လျက်ရှိသည်။
ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ၄၇၂၅ ဦး ထိုးနှံပေးပြီးဖြစ်ကာ ယခုအကြိမ်တွင် ၆၅၀၅ ဦးထိုးနှံပေးမည်ဖြစ်ပြီး ယခင်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိခဲ့သူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ မသန်စွမ်းသူများနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်ကြီးသူများကို စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ အဆင့်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)