လွိုင်လင် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် (၁၀) နာရီ အချိန်က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ရေးရာတွင် ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ သည် တောင်ကြီး- လွိုင်လင်- ကျိုင်းတုံ ပြည်ထောင်စုလမ်း ရေမြောင်းနှင့် ပလက်ဖောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ အဆိုပါ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းဆုံနေရာတွင် မီးပွိုင့်နှင်စီစီတီဗီ တပ်ဆင်ထားမှုကိုလည်းကောင်း၊ ယင်းနောက် လွိုင်လင်မြို့ မင်းလမ်း - သုခလမ်းနှင့် ဘုရင့်နောင်လမ်းဆုံ မီးပွိုင့်နှင့် စီစီတီဗီ တပ်ဆင်ထားမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ သည် ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ဝင်းပတ်လမ်း ကွန်ကရစ်ခင်းလုပ်ငန်းမှ ဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လွိုင်လင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများသို့ ခရိုင် အုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ တာဝန်ခံအင်ဂျင်နီယာများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)