ပုံပါကျင် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၇)နာရီက တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက ပုံပါကျင်မြို့နှင့် မုံးထမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့်ဝန်ထမ်းများနှင့်Volunteerများအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်း များနှင့်Volunteer များအနေဖြင့် ဆွေးနွေးတင်ပြလိုသည်များ တင်ပြကြရန်နှင့် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ထပ်ဆင့်အမှာစကား ပြောကြားပြီး ပုံပါကျင်မြို့နှင့်မုံးထမြို့ရှိ ဝန်ထမ်းများနှင့်Volunteer များအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့က ခေါက်ဆွဲခြောက်(၁၆)ဖာ၊ ဆီ(၂)ဖာ၊ ငါးသေတ္တာ(၃) ဖာ၊ အမဲဘူး(၂)ဖာ၊ mask (၂)ဖာ တို့ကိုပေးအပ်ရာ ပုံပါကျင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်၊ မုံးထမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လက်ခံရယူခဲ့သည်။
ထို့နောက် ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သည့်ဝန်ထမ်းများနှင့် Volunteer များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့်အတွက် ဝန်ထမ်းများနှင့် Volunteer များကိုယ်စား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့အား ပုံပါကျင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)