ပုဗ္ဗသီရိ စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ နှင့်ပိုစတာများကို အ-ထ-က (၂၀) အခြေခံပညာအထက်တန်းကျောင်းဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မိသားစုအတွက်COVID-၁၉အချက်အလက်၊ COVID-၁၉ ရောဂါလက္ခဏာများ၊ COVID-၁၉ ရောဂါပိုးတွေ့ရှိသူများအား ဆန့်ကျင်ကဲ့ရဲ့ပြောဆိုခြင်းမပြုရန်၊ အိမ်တွင် အစားအစာကောင်းစွာချက်ပြုတ်စားသောက်နည်းများ၊ ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဝန်ထမ်းနေအိမ်အခန်းများ၊ အဆောင်များတွင် လိုက်နာရန်နှင့် အချင်းချင်းအသိပေး/သတိပေး ပြောကြားရမည့်အချက်များ၊ ပိုစတာများတွင် Dalta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်နှင့် ပတ်သက်သော အချက်အလက်များနှင့် အများပြည်သူ ကျန်းမာရေးနှင့် လူမှုရေးစီမံဆောင်ရွက်ချက်သာဓကများပါဝင်ပြီး နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဖြန့်ဝေ သည့် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြစ်သည်။
အဆိုပါလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အ-ထ-က (၂၀) အခြေခံပညာအထက်တန်းကျောင်းဆေးထိုးစုရပ်တွင် Dalta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ် နှင့်ပတ်သက်သော အချက်အလက် ပိုစတာများကို ကပ်ထားပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)