ဟိုပုံး စက်တင်ဘာ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေခြင်းအား အများပြည်သူပိုမိုသိရှိစေရန် အတွက် ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီ ဌာန၊ ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလင်းနှင့် ဝန်ထမ်းများသည် ဟိုပုံးမြို့မွေတော်ဘုရားကြီးရှေ့ ဈေးလမ်းဆုံနှင့် လူအများသွားလာရာနေရာများ၊ ကားဂိတ်များတွင် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်အား ယမန်နေ့က ဖြန့်ဝေခဲ့ ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် နိုင်ငံနှင့်အဝှမ်း ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက် ၁၆ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံးသို့ လာရောက်ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်းကို အများပြည်သူမှ အလွယ်တကူသိရှိနိုင်စေရန်အတွက် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ " ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြစ်ကြောင်း ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
နန်းခမ်းခြူး(ဟိုပုံး)