ဒက္ခိဏသီရိ၊ စက်တင်ဘာ - ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးလာရောက် ထိုးနှံသူ များအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေရာတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကိုသိရှိပြီး ပူးပေါင်းဆောင်ရွက်လာနိုင်စေရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြပြီး ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းဆေးထိုးစုရပ်တွင် Dalta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်နှင့် ပတ်သက်သော အချက်အလက် ပိုစတာများကို ကပ်ထားပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မိသားစုအတွက် COVID-19 အချက်အလက်၊ COVID-19 ရောဂါလက္ခဏာများ၊ COVID-19 ရောဂါပိုးတွေ့ရှိသူများအား ဆန့်ကျင်ကဲ့ရဲ့ပြောဆိုခြင်းမပြုရန်၊ အိမ်တွင် အစားအစာကောင်းစွာ ချက်ပြုတ်စားသေက်နည်းများ၊ ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ဝန်ထမ်းနေအိမ်အခန်းများ၊ အဆောင်များတွင် လိုက်နာရန်နှင့် အချင်းချင်း အသိပေး/ သတိပေး ပြောကြားရမည့်အချက်များ၊ ပိုစတာများတွင် Dalta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်နှင့်ပတ်သက်သော အချက်အလက်များနှင့် အများပြည်သူကျန်းမာရေးနှင့် လူမှုရေးစီမံ ဆောင်ရွက်ချက်များ ပါဝင်ပြီး နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့်ပိုစတာများ ဖြစ် ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)