ဘားအံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးစိုက်တောင်သူများအား သွင်းအား စုများ ထောက်ပံ့ ကောက်စိုက် စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြ

 

ဘားအံ စက်တင်ဘာ ၁၆

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးစိုက် တောင်သူ များအတွက် သွင်းအားစု များဖြစ်သော ပိုးသတ်ဆေးနှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လျာထား ဧက ပြည့်မီကျော်လွန်ရေးအတွက် သီးထပ်သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်ကြရန်၊ ဒေသဝမ်းစာဖူလုံပိုလျှံပြီး ပိုလျှံသည်များကို ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်သည်အထိ ဆောင်ရွက်ကြရန်၊ စိုက်ပျိုးမွေးမြူရေးကို အဓိကစီးပွားရေး ထုတ်ကုန် အနေဖြင့် ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးဇော်ဝမ်းက ရေကြီးနစ်မြုပ်လယ်မြေများအတွက် ထောက်ပံ့ပေးအပ်မှုအခြေအနေ များ ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန် ကြီး ဦးစောခင်မောင်မြင့်တို့က ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၀ အုပ်စုမှ ရေကြီး နစ်မြုပ်ပျက်စီးလယ်ဧက(၇၃၀)အတွက် ပိုးသတ်ဆေးနှင့် မြေဩဇာများထောက်ပံ့ပေးအပ်ရာ တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများ သည်  ပြည်နယ်မြေအသုံးချရေးဓါတ်ခွဲခန်း၊ ပြည်နယ်သီးနှံကာကွယ်ရေးဓါတ်ခွဲခန်းနှင့် ပြည်နယ် မျိုးစေ့အရည်အသွေး စစ်ဆေးရေးဓါတ်ခွဲခန်းတို့အား ကြည့်ရှု့စစ်ဆေးခဲ့ကြရာ တာဝန်ခံများက ဓါတ်ခွဲခန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များလမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ နည်းပညာ ပြန့်ပွားရေး စင်တာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း ဆောင် ရွက်သည့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို တက်ရောက်ခဲ့ပြီး ကူဘိုတာ ခြောက်တန်းသွား ကောက်စိုက်စက်နှစ်စီးဖြင့် စိုက်ပျိုးသရုပ်ပြသခြင်းအား ကြည့်ရှု့အားပေး ခဲ့ကြသည်။

 

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၇)အုပ်စုမှ တောင်သူ ကိုယ်စားလှယ်များ တက်ရောက်လေ့လာခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လယ်တစ်ဧကကို တစ်နာရီခန့်သာ စိုက်ပျိုးချိန်ကြာမြင့်မည်ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးခြင်းကို ဖြေလျော့နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ဒေသခံတောင်သူ များအနေဖြင့် ကောက်စိုက်စက်ဝယ်ယူသုံးစွဲလိုပါကလက်ငင်း ၁၉၉၃၇၀၀၀ ( တစ်ရာတစ်ဆယ့် ကိုးသိန်းသုံးသောင်းခုနှစ်ထောင်)ကျပ် ကျသင့်မည်ဖြစ်ပြီး အရစ်ကျစနစ်အနေဖြင့် သုံးနှစ် လေးရစ် ပေးသွင်း၍ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

 

ယင်းနောက်အဆိုပါနည်းပညာပြန့်ပွားရေးစင်တာ၌ လှိုင်းဘွဲမြို့နယ်အတွင်း ရေကြီးနစ်မြုပ် ပျက်စီးသွားသော မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက ကျေးရွာအုပ်စု(၁၇)အုပ်စုမှ ရေကြီးနစ်မြုပ်ပျက်စီးလယ် (၆၂၈)ဧကအတွက် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး များထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း