ဘားအံ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင် ရွက်ပေးလျက်ရှိသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ဖြန့်ဝေပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ (၂) ၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်ရင်ဆိုင်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၏ အားအပြင် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ၊ အရဟိတအဖွဲ့အစည်းများ၏ ကူညီဆောင်ရွက်မှုကြောင့်သာ အဆိုးရွားဆုံးအခြေအနေကို မရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လိုအပ်နေသည့် အကာအကွယ်သုံး ပစ္စည်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ခံ ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များကို ပြည်သူများအတွက် ပိုမိုအားစိုက်ဆောက်ရွက်လျက်ရှိသကဲ့သို့ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအနေဖြင့်လည်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်တို့က ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း များနှင့် အရဟိတအဖွဲ့အစည်းများ အတွက် Mask၊ Hand Sanitizer PPE ဝတ်စုံ၊ လက်အိတ်၊ ခေါင်းစွပ်၊ မျက်မှန် အစရှိသည့် အကာအကွယ်သုံးပစ္စည်း (၉)မျိုးကို ဖြန့်ဝေပေးအပ်ခဲ့ကြရာ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ သမ္ဘာန်ကျေးရွာ၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ လူဦးရေအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)