လှည်းကူး စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ လှည်းကူးမြို့မစျေးနှင့် မင်းကုန်းစျေးတို့မှ စျေးသူ၊ စျေးသားများအား ယနေ့နေ့လည် ၁၂ နာရီက အ-ထ-က(လှည်းကူး) နှင့် မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် လှည်းကူးမြို့မစျေးမှ စျေးသူ၊ စျေးသားများကို အ-ထ-က(လှည်းကူး) နှင့် မင်းကုန်းစျေးမှ စျေးသူ၊ စျေးသားများကို မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် စုရပ်ပြုထိုးနှံးပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်သူ များကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်း ကော်မတီအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် Volunteer များက ပူးပေါင်း၍ ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဆေးထိုးပြီးနောက် ဆေးနှင့်ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုး လက္ခဏာများ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် မိနစ် ၃၀ ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခြင်းများကို ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ပထမအကြိမ် ထိုးနှံခဲ့သည့် လှည်းကူးမြို့မ စျေးမှ စျေးသူ၊ စျေးသား ၄၈၈ ဦးနှင့် မင်းကုန်းစျေးမှ စျေးသူ၊ စျေးသား ၂၈၈ ဦးတို့ကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် သတ်မှတ်ရက်တွင် ဆက်လက်ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်