ဒလမြို့နယ်၌ အသက် ၅၅ နှစ် မှ ၆၄ နှစ် အတွင်းရှိ ပြည်သူ ၁၄၁၇၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  သတ်မှတ်ထားသော ဦးတည်အုပ်စုများအား  ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  ယခုအခါ  အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ပြည်သူ ၁၄၁၇၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် စတင်၍ တပင်ရွှေထီးရပ်ကွက်ရှိ အထက(၄) ကျောင်း၊ မြို့နယ်ပြည်သူဆေးရုံ၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံ၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံနှင့် ဓနုတ်စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စသည့်  စုရပ်(၅)နေရာတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့ပေါ် ရပ်ကွက် ၂၄ ရပ်ကွက်ရှိ ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံနှင့် အထက (၄)ကျောင်းတို့၌ ဆေးထိုးအုပ်စု(၂)စုခွဲ၍  ထိုးနှံပေးလျက်ရှိပြီး၊  ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာရှိ ကျေးရွာနေပြည်သူများအား ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံ၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံ နှင့် ဓနုတ်စံပြကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနစသည့် ဆေးထိုးအုပ်စု(၃)စုခွဲ၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တိုက်နယ်ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံဒလတပ်နယ်ရှိ တပ်များမှ  ဆေးတပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ပူပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဒလမြို့နယ်အတွင်း၌ အသက် ၅၅ နှစ် မှ ၆၄ နှစ်အတွင်း ဒေသခံပြည်သူ စုစုပေါင်း ၁၄၁၇၀ ဦးရှိကြောင်း၊ အဆိုပါ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မကျန်ရှိစေရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ အသက်အုပ်စုအလိုက် သတ်မှတ်ပြီး ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊   မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်ထံမှ သိရသည်။

နိုင်လင်းကျော်