လာအိုနိုင်ငံမှ ပြန်ဝင်လာသည့် နေရပ်ပြန်ပြည် (၁၉၅)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သဖြင့် နေရပ်သို့မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်

တာချီလိတ်  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် လာအိုနိုင်ငံမှ  ပြန်ဝင်လာကြသည့် နေရပ်ပြန်ပြည်သူ(၁၉၅)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သဖြင့် သက်ဆိုင်ရာ  တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ မော်တော်ယာဉ်များဖြင့် ယနေ့ နံနက်(၁၁)နာရီက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူများသည် စက်တင်ဘာလ (၁၁)ရက်နေ့က လာအိုနိုင်ငံမှ လွှဲပြောင်းပေးလာသည့် နေရပ်ပြန်ပြည်သူများဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ဝမ်လုံးစင်တာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထား၍ တတိယမြောက်နေ့တွင် နှာခေါင်းနှင့်အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများ ရယူကာ တောင်ကြီးမြို့သို့ ပို့ဆောင်၍ ဒုတိယအကြိမ် စစ်ဆေး ဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြည်ပြည်သူ (၆၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နှစ်ကြိမ်မြောက် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ အမျိုးသား(၁၁၈)ဦး နှင့် အမျိုးသမီး(၇၇)ဦး စုစုပေါင်း(၁၉၅)ဦးအား စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊  တာချီလိတ်မြို့ရှိ ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နေရပ်ပြန်ပြည်သူများကို အစားအသောက်များ ဝေငှပေးခြင်းနှင့် လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးကာ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက်  မော်တော်ယာဉ်များ စီစဉ်ပေးပြီး အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)