တောင်ကြီး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ အစားအသောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူရှင်များမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တတ်နိုင် သလောက် မိတ်ဖက်ညီအစ်ကိုသဖွယ်ကူညီစောင့်ရှောက်ပေးသည့် PNOအသွင်ပြောင်းပြည်သူ့စစ်ကို ထောက်ပံ့ရခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ အေးချမ်းတည်ငြိမ်မှုတွင်လည်း PNO ပြည်သူ့စစ်မှ စောင့်ရှောက်မှုများလည်းပါဝင်ပါကြောင်း၊ လုံခြုံရေးလုပ်ငန်းများတွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး၏ ကွပ်ကဲမှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးသည့် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့များသို့ အစားအသောက် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူ၍လည်းကောင်း၊အရှေ့ပိုင်း တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကြက်ဥ၊ဆား၊ငါးခြောက်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက mask အခုရေ(၂)သောင်းတို့ကို အသီးသီးပေးအပ်ရာ PNOအသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့တာဝန်ရှိသူများက လက်ခံရယူပြီး ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ရှမ်း(တောင်) သတ္တုလုပ်ငန်းရှင်များအသင်းမှငွေကျပ်သိန်း (၁၀၀)၊ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့မှငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ ဆန်(၅၁)အိတ်၊ ဆီ(၁၃၅)ပိဿာ၊ ငါးခြောက်(၁၃၅)ပိဿာ၊ ကြက်ဥ(၅၄၀၀)လုံး၊ စုစုပေါင်းတန်ဖိုး(၆၇၅၀၀၀၀)ကျပ်နှင့် mask အခုရေ(၂)သောင်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)