တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

ရန်ကုန်   စက်တင်ဘာ   ၁၆

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် စျေးရောင်းချသူများနှင့် စျေးလာရောက် ဝယ်ယူကြသူများအကြား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်စေရေးအတွက် တာမွေ(ယာယီ) စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က စျေးရောင်းချနေသူများနှင့် စျေးဝယ်လာကြသူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် စျေးအတွင်းရှိ လူအသွားအလာများသည့် နေရာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ တာမွေ(ယာယီ)စျေးအတွင်း ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအပေါ် စျေးလာရောက် ဝယ်ယူသူ ဦးဇေယျာသော်ကလည်း " မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေတဲ့အချိန်မှာ ဒီစျေးက တာဝန်ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် ယခုလို အသိပညာပေး နှိုးဆော်တာဟာ အရမ်းကောင်းပါတယ်။ နောက်ပြီး ဒီစျေးက စားသောက်ကုန်ပစ္စည်းမျိုးစုံတွေနဲ့ အခြားလူသုံးကုန်ပစ္စည်းမျိုးစုံတွေကို ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်တဲ့ မြို့နယ်ရဲ့ အဓိက စျေးကြီးတစ်ခုပါ။ အဲဒီအတွက် လူလည်းစုံပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေကလည်း ရာခိုင်နှုန်းများပါတယ်။ အခုလိုစျေးက တာဝန်ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်တာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးတဲ့အတွက် ပြည်သူတွေအနေနဲ့ လည်း ရောဂါနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်ပါတယ်။ ထိုမှတစ်ဆင့် ရောဂါရဲ့ ဆိုးကျိုးတွေကို သိရှိနားလည်လာပြီး လမ်းညွှန်ချက်တွေ အတိုင်း တိကျစွာ နေထိုင်သွားလာကြမယ်ဆိုရင် ရောဂါကွင်းဆက်လည်း ပြတ်တောက် သွားနိုင်ပါတယ် ” ဟု ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေး အပါအဝင် မြို့နယ်အတွင်းရှိ စည်ပင်သာယာ စျေး(၇)စျေးတွင် စျေးရောင်းချသူများနှင့် စျေးလာရောက် ဝယ်ယူကြသူများအကြား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ်လည်း စျေးအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း( Mask ) တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာရည်နှင့် လက်ကိုစနစ်တကျ ဆေးကြောစေခြင်း၊ စျေးအတွင်းရှိ လူအသွားအလာများသည့် နေရာများနှင့် သန့်စင်ခန်းများ အတွင်း ပိုးသတ်ဆေးဖျန်းခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်