နမ့်ခမ်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်း (၉)နာရီအချိန် အသက်(၁၈)နှစ်အထက် ပြည့်သူများနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးနှင့် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပျောက်ကင်းစေရေးအတွက် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များ၊ ရွှေလီမြစ်တဖက်ခြမ်း တရုတ်ပြည်ရွှေလီမြို့ ထိစပ်လျက်ရှိသည့် ဟတ်ဟင်ကျေးရွာနှင့် စယ်ဟိုင်းကျေးရွာများရှိ အသက်(၁၈)နှစ်အထက် ပြည့်သူများနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမ၊ ပေါက်တင်မ ရပ်ကွက် လူငယ်ခန်းမနှင့် အ.ထ.က(၁)ကျောင်း ခန်းမတို့၌ (၃) နေရာခွဲပြီး (၁၀-၉-၂၀၂၁) ရက်နေ့မှ စတင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း(၉)နာရီအချိန်ထိတွင် (၁၈၅၂)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသည့်ပြည်သူများအား ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်ပြည့်သူများနှင့် နို့တိုက်မိခင်များ ထိုးနှံနိုင်ပြီး သွေးတိုး ရောဂါရှိသူများအနေဖြင့် အလွန်အမင်း သွေးမတိုးသူများ၊ ဆီးချိုရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ၊ ကင်ဆာဝေဒနာရှင်များနှင့် ခုခံအားကျဆင်းရောဂါ ခံစားနေရာသူများမှ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ လမ်းညွှန်ချက်ဖြင့် ထိုးနှံနိုင်ကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)